မြဝတီမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မြဝတီ ဖေဖော်ဝါရီ ၃

ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ကြရန်နှင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီက အမှတ် ၃ ရပ်ကွက်တွင် ဆောင်ရွက်သည်။

ထို့သို့ဆောင်ရွက်ပေးရာတွင် မြဝတီခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဖြိုးမင်းဇော် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးနှင့် ရပ်ကွက်တာဝန်ရှိသူတို့က နေအိမ်များ၊ စားသောက်ဆိုင်များ၊ ပစ္စည်းသိုလှောင်သည့်ဂိုထောင်များနှင့် အထည်ချုပ်စက်ရုံများတွင် မီးသတ်ဆေးဘူးစနစ်တကျထားရှိမှု ရှိ/ မရှိ စစ်ဆေးပေးခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိရမည့် အချက်များ၊ နေအိမ်တွင် လူစောင့်မရှိဘဲ မီးအသုံးပြုပြီးပါက မီးကြွင်း၊ မီးကျန်များမထားရှိရန်နှင့် မီးဘေးသတိပြုရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို အသိပညာပေးပြောကြားသည်။

အလားတူ ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များတွင်လည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ခြင်းများကို ဗုဒ္ဓဟူး၊ ကြာသပတေးနှင့် သောကြာနေ့ ညပိုင်းအချိန်များ၌ လည်းကောင်း၊ စနေနှင့် တနင်္ဂနွေနေ့များတွင် ရပ်ကွက်နေအိမ်များ၊ ဈေးများ၌ အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း (ပြန်/ဆက်)