ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၌ အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေး

ဘားအံ ဖေဖော်ဝါရီ ၃

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ဘားအံမြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၌ အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နည်းပညာတက္တသိုလ် (ဘားအံ) ရှိ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများ၊ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများအား ဘားအံ/ လှာကဒေါင် မွေးမြူရေးဇုန်မှထုတ်လုပ်သော လတ်ဆတ်သည့် ကြက်ဥ၊ ဘဲဥများ၊ ကြက်၊ ဝတ်၊ ဆိတ်အသား၊ ငါးများ၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများနှင့် ရေလယ်ကျွန်းများမှ စိုက်ပျိုးထွက်ရှိသည့် ဟင်းသီးဟင်းရွက်စားဖိုဆောင်သီးနှံများ၊ ဆန်နှင့်ဆီများအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျန်းမာရေးနှင့်ကိုက်ညီသည့် စားသောက်ကုန်များအား စနစ်တကျရောင်းချပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံ (ဘားအံ) ၌ ဆန်၊ ဆီ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်အစရှိသော အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးသိပ္ပံ (ဘားအံ) ၏ ဆယ်မျိုးဆယ်ဘောင် ဟင်းသီးဟင်းရွက်စိုက်ခင်း၊ စားဖိုဆောင်နှင့် ကျောင်းသား၊ ကျောင်းသူထမင်းစားဆောင်တို့အား ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်၊ ပတ္တမြားနယ်မြေ၊ ဘားအံပညာ့ရိပ်သာတွင် ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ဆန်၊ ဆီ၊ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ဘဲဥ အစရှိသော အခြေခံစား သောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနေမှု၊ ဘားအံပညာရေးဒီဂရီကောလိပ် အားကစားကွင်းအတွင်း အလားတူရောင်းချပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်းနှင့် အလားတူ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (ဘားအံ) တွင်လည်း ဆန်၊ ဆီ၊ အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် စားဖိုဆောင်သီးနှံများကို သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ သာမညသာယာကုန်းကျေးရွာတွင် တောင်သူဦးစောဝင်းလှိုင်၏ ဆွေထူးဆု လယ်ယာသုံးထိုင်မောင်းထွန်စက်တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်းခွင်သို့ သွားရောက်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများကို အားပေးမြှင့်တင်လို၍ လာရောက်ကြည့်ရှုအားပေးခြင်းဖြစ်ပြီး လုပ်ငန်းများပုံမှန်လည်ပတ်၍ ထွန်စက်ငယ်များကို အဆင့်မြှင့်တင်တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်သည့် နည်းပညာ၊ အရင်းအနှီးနှင့် ကုန်ကြမ်းများကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အခက်အခဲ၊လိုအပ်ချက်များရှိပါက ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးနိုင်ကြောင်းပြောကြားကာ ထွန်စက်တပ်ဆင်ထုတ်လုပ်ပုံအဆင့်ဆင့်၊ ထွန်၊ ထယ်နှင့် ဆက်စပ်အပို ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာကုန်းကျေးရွာရှိ ဦးကျော်ဝင်း၏ ထော်လာဂျီ နောက်တွဲယာဉ် ထုတ်လုပ်တပ်ဆင်သည့်လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များမေးမြန်းအား ပေးကာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ထော်လာဂျီနောက်တွဲယာဉ်ထုတ်လုပ်တပ်ဆင်သည့် လုပ်ငန်းသည် နေ့စဉ်အလုပ်သမား (၁၀) ဦးခန့်ဖြင့် ထုတ်လုပ်တပ်ဆင်၍ ဘားအံ၊ ကျုံဒိုး၊ မော်လမြိုင်မြို့များသို့ တင်ပို့ရောင်းချနေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာကုန်းအလယ်တန်းကျောင်းသို့ သွားရောက်ပြီး စာသင်ဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးကာ အထွေထွေအသုံးစရိတ် ငွေကျပ် (၃) သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ခနိမ်းဒိုအထက်တန်းကျောင်း (ခွဲ) သို့ရောက်ရှိပြီး စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှု ရှိ/ မရှိနှင့် အသစ်တည်ဆောက်ပေးထားသည့် ဆရာ/ ဆရာမများနေအိမ်တို့ကို ကြည့်ရှုအားပေးကာ အထွေထွေအသုံးစရိတ် ငွေကျပ် (၃) သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)