အင်္ဂပူ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမှတ်စဉ် (၁/၂၀၂၄) အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ကြီး (၄) ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုသည့် တာဝန်ကြီး (၄) ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ရပ်ရွာပြည်သူလူထု လေးစားယုံကြည်အားကိုးနိုင်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများတွင် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြရန်စသည့် သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့များက သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုတံဆိပ်များချီးမြှင့်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းက သင်တန်းဆင်းလက်မှတ်များပေးအပ်ရာ သင်တန်းသားများက လက်ခံရယူခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်ဆက်)