ကြံခင်း ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အခြေခံပညာအလယ်တန်း(ရှောက်ခုံ)ကျောင်းတွင် လူငယ်များ၏ ကဏ္ဍမြှင့်မားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေရန်နှင့် လူငယ်များအချင်းချင်း ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်း(ရှောက်ခုံ)ကျောင်းမှ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက်၊ ရှောက်ခုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးစိုးမြင့်က အဖွင့်အမှာစကားပြောရာတွင် အနာဂါတ်ခေါင်းဆောင်များဖြစ်လာမည့် ကျောင်းသား/သူများက အသိပညာ၊ အတတ်ပညာ ဗဟုသုတများဖြင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရေး ကြိုးစားကြရန် ပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် သုံးသပ်ဆွေးနွေးသူအဖြစ်(အ-လ-က) ရှောက်ခုံကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါနိုင်တို့နှင့်အတူ ပါဝင်ဆွေးနွေးပေးကြသော (G-9) ကျောင်းသူ မကြည်နူးချိုနှင့် မအိကြယ်စင်ဖွေးတို့က "လူငယ်နှင့်အားကစား"၊ "လူငယ်နှင့်စည်းကမ်း" ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (G-8) ကျောင်းသား မောင်ချစ်ဦးလွင်က "လူငယ်နှင့်ကိုယ်ကျင့်တရား" ခေါင်းစဉ်နှင့် (G-5) ကျောင်းသား မောင်ကောင်းစစ်ဟန်က "လူငယ်နှင့်စာဖတ်ခြင်း" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက် အခမ်းအနားတက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါအကြောင်းအရာ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး၊ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှောက်ခုံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာန်ရှိသူများ၊ အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါနိုင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ ကျောင်းသား/သူ (၁၈၀) ဦး တက်ရောက်ကြကြောင်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြသထားခြင်းအား စိတ်ပါဝင်စားစွာ ကြည့်ရှူလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)