ဇလွန် ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီးကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် အ.ထ.က မြစ်ဝတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က မြစ်ဝ ကျောင်းအုပ်ဆရာကြီး ဦးဝင်းညွှန့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက်လူငယ်စကားဝိုင်းကို ကျင်းပရာ Grade-11 ကျောင်းသူများမှ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်တက်ကြွလှုပ်ရှားမှု ခေါင်းစဥ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိလိုသည်များကို ခေါင်းစဥ်အလိုက် ပါဝင်ဆွေးနွေး ခဲ့ကြသည်။ ယင်းနောက် အသိပညာပေးဟောပြောပွဲကို ဆက်လက်ပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အကြောင်းအရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေဒီလွင်က ကျောင်းသား/ကျောင်းသူများအားကစားကို စိတ်ပါဝင်စားလာစေရန် အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးသန့်ဇင်ဦးက စားသုံးရန်မသင့်သည့် အစားအစာများကို စားသုံးရန်မသင့်သည့် အကြောင်းအရာများကို အသီးသီး အသိပညာပေးဟောပြောခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇလွန်မြို့နယ်ရုံးမှ ပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲကို စာပေ၏ အကျိုးကျေးဇူးကို သိရှိနိုင်ကြစေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန်၊ လူအများရှေ့တွင် မှန်ကန်သောစကားများအား ရဲဝင့်စွာပြောဆိုတတ်ကြစေရန် ရည်ရွယ်၍ကျင်းပခဲ့ကြောင်း သိရသည်။
ဝေယံ - ဇလွန် (ပြန်/ဆက်)