အုတ်တွင်း ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်လုံးဆိုင်ရာ သာသနဌိတကာရီဗိမာန်တော်ကြီး ရတနာရွှေကြုတ်မြှုပ်နှံခြင်းနှင့် အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးလမ်းရပ်ကွက် ရုံးပေါင်းစုံအနီး ဗိမာန်တော်ကြီးတည်ဆောက်မည့်နေရာ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ အုတ်တွင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဇော်မြင့်ဦးနှင့် တပ်ရင်း/တပ်ဖွဲ့များ၊ ခရိုင်သာသနာရေးဦးစီးဌာန ဦးစီးမှူး ဦးဌေးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝိသာရဒ၏ဩဝါဒကိုခံယူ၍ ဗိမာန်တော်ကြီးတည်ဆောက်မည့်နေရာ အလယ်ဗဟိုတွင် ရတနာရွှေကြုတ်မြှုပ်နှံခြင်းနှင့် အရပ်ရှစ်မျက်နှာရှိတိုင်ပုံများ၌ အုတ်မြစ်တော်စီခြင်းများ ဆောင်ရွက်ကြသည်။ ထို့နောက် ရတနာရွှေကြုတ်မြှုပ်နှံသည့်နေရာနှင့် အုတ်မြစ်တော်စီသည့်နေရာတို့ကို အမွှေးနံ့သာရည်များနှင့် ရွှေရည်ငွေရည်များ ပက်ဖျန်း၍ “အောင်ဇေယျတု သဗ္ဗမင်္ဂလံ အောင်စေအောင်စေအောင်စေ” ဟု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အုတ်တွင်းမြို့ ပဲခူးလမ်းရပ်ကွက် အကွက်အမှတ် (၁-ခ) ကြက်သွန်ခင်းရပ် ဦးပိုင်အမှတ်(၄၆၀) မြေဧရိယာ ၁ ဒသမ ၇၁၈ ဧက (အရှေ့အနောက် ၃၀၀ ပေ တောင်မြောက်(ရ) ၂၅၅ ပေ (န)၂၅၅ပေ)မြေကွက်အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် သာသနာ့မြေအဖြစ် ခွင့်ပြုခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အဆိုပါခွင့်ပြုမြေကွက်အား “ကြယ်နီ ဆေးပေါ့ လိပ်ရုံ” မိသားစုမှ မြေကျင်းပေါင်း (၅၀၀) ကျော် ဝယ်ယူလှူဒါန်းဖို့သိပ်ခဲ့ပြီး ယခုနှစ်တွင်မြို့နယ်လုံးဆိုင်ရာ သာသနဌိတကာရီ ဗိမာန်တော်ကြီးကို ပြီးစီးသည်အထိ ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)