ပုသိမ် အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မသန်စွမ်းမဲဆန္ဒရှင်များ အတွက် ကြိုတင်မဲလက်မှတ် ထည့်သွင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ ပုသိမ်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ကြိုတင်မဲလက်မှတ်များ ထည့်သွင်းနိုင်ရေး ဆောင်ရွက်ရာတွင် ရပ်ကွက်/ကျေးရွာ ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များက ကြိုတင်မဲလက်မှတ်ထည့်မည့်ပုံးများအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်း၊ ကြိုတင်မဲလက်မှတ် စနစ်တကျ ထည့်သွင်းစေခြင်း တို့ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွန်ကြားချက်များ နှင့် အညီ မဲဆန္ဒရှင် ပြည်သူများအား ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြသည်။
ပုသိမ်ခရိုင် ၇ မြို့နယ်တွင် မသန်စွမ်းမဲပေးခွင့်ရှိသူ ကျား ၁၄၉၆ ဦး ၊ မ ၁၅၅၃ ဦး ၊ စုစုပေါင်း ၃၀၄၉ ဦး ရှိကြောင်းသိရသည်။ ထို့အပြင် အထွေထွေ ရွေးကောက်ပွဲနေ့တွင် ခရီးသွားရန်ရှိသော မဲဆန္ဒရှင်၊ တာဝန်အရ မဲဆန္ဒနယ်ပြင်ပသို့ ရောက်ရှိနေမည့် မဲဆန္ဒရှင်(နိုင်ငံ့ဝန်ထမ်း)၊လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ဆေးရုံအတွင်း လူနာအဖြစ် ဆေးဝါကုသမှု ခံနေရသူများ၊ အသက်အရွယ်ကြီးရင့်သူများ၊ အနာကြီး ရောဂါဖြစ်ပွားနေသူများ၊ နေအိမ်တွင် ရောဂါဝေဒနာပြင်းထန်စွာနေရသူများ၊ မီးဖွားနေသူများ၊ မသန်စွမ်းသူများ အနေဖြင့် ရွေးကောက်ပွဲနေ့မတိုင်မီ သတ်မှတ်ထားသည့် ရက်အတွင်း ကြိုတင် ဆန္ဒမဲပေးပိုင်ခွင့်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)