သရက်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

သရက် ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပခြင်း အခမ်းအနားကို ယ‌နေ့ နံနက်(၁၀)နာရီက သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီး ဦးကီးအောင်ထန်းက အဖွင့်အမှာစကား ပြော ကြားပေးပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက စိတ်ဓာတ်ကောင်းများ ပေါ်ထွန်းရေးနှင့် တိုင်းပြည်ချစ်စိတ်ရှိရေး၊ ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် မိမိကိုယ်ကို ချစ်တတ်မှ မိသားစုကို ချစ်တတ်ကာ သည်းခံစိတ်၊ စာနာစိတ်ထားရှိတတ်မည်ဖြစ်ပြီး လူကောင်းလူတော်များ ဖြစ်လာမည်ဖြစ်လို့ စိတ်ဓာတ်ကောင်းမွန်သူ တစ်ဦးဖြစ်စေရန် ငယ်စဉ်မှစ၍ စာဖတ်သည့် အလေ့အထကောင်းများ မွေးမြူကြရန် ပြေကြားပေးခဲ့သည်။

ထို့နောက် ကဗျာဆရာ မောင်မင်းသိမ်း(သရက်)က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံကို ပြောကြားပေးခဲ့သည်။ အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်အား ကျောင်းသား/ကျောင်းသူ များက ကြည့်ရှုခဲ့ကာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ သတင်းစကား လက်ကမ်းစာစောင်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)