မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် အိမ်တွင်းစက်မှုလက်မှု လက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေး ကော်မတီအစည်းအဝေး တက်ရောက်

မကွေး ဖေဖော်ဝါရီ  

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင် စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုချထားပေးနိုင်ရေးအတွက် လျှောက်ထားလာမှု အခြေအနေအား တာဝန်ရှိသူများ အနေဖြင့် လုပ်ထုံးလုပ်နည်း၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စိစစ်၍ ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က (၃/၂၀၂၃-၂၀၂၄) အစည်းအဝေးတွင် အိမ်တွင်းစက်မှုလက်မှု လုပ်ငန်းရှင်များမှ လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုချထားပေးနိုင်ရေးအတွက် လျှောက်ထားလာမှု အခြေအနေအား Power point ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်းမှတ်ပုံတင် စိစစ်ဆုံးဖြတ်ရေး ကော်မတီဝင်များက အစည်းအဝေးတွင် တင်ပြလျှောက်ထားလာသော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင် ၇၂ ဦး၏ အချက်အလက်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အထောက်အထား အချက်အလက် ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စိစစ်၍ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုချထားပေးနိုင်ရေး အတည်ပြု ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခင်လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုပေးခဲ့သည့်ဦးရေ ၁၀၈၀ ဦး ရှိခဲ့ရာ ယခု  ၇၂ ဦး ထပ်မံခွင့်ပြုပေးခဲ့သဖြင့် စုစုပေါင်း ၁၁၅၂ ဦး လုပ်ငန်းမှတ်ပုံတင် ထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)