စလင်း ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည် မိုးအကုန် ဆောင်အကူးပြီး နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဖြစ်သည့် သတိပေး နှိုးဆော်ခြင်း ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် မြို့မစည်ပင်သာယာစျေးအဝင်၌ မီးဘေးကြိုတင်ကာကွယ်ရေး သတိပြုစရာအချက်များပါ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ရပ်ကွက်များအတွင်း စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာ မီးသတ်ဦးစီးမှူး ဦးဝင်းဗိုလ် ဦးဆောင်သော တပ်ဖွဲ့ဝင်များက မီးဘေးအသိပညာပေး သတိပေးနှိုးဆော်ခြင်း တစ်အိမ်တက်ဆင်း ရပ်ကွက်များအတွင်း စစ်ဆေးခြင်း မီးဘေးအန္တရာယ် စိုးရိမ်ရသော လုပ်ငန်းများဖြစ်သည့် စက်သုံးဆီ အရောင်းဆိုင်များ စစ်ဆေးခြင်းနှင့် လက်တွေ့သရုပ်ပြ၍ စစ်ဆေးဆောင်ရွက်ခဲ့သည်။ ထို့နောက် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် နီးစပ်သည့် ကျေးရွာများသို့ ကွင်းဆင်း၍ လိုက်လံစစ်ဆေးခြင်းနှင့် မြို့မစည်ပင်သာယာစျေး ဌာနဆိုင်ရာရုံးများ ဘုန်းတော်ကြီးကျောင်းများ စာသင်ကျောင်းများ စက်သုံးဆီအရောင်းဆိုင်များ တည်းခိုရိပ်သာများနှင့် မီးဘေးအန္တရာယ် စိုးရိမ်ရသော နေရာများ စက်ရုံအလုပ်ရုံများတွင် ဟောင်းနွန်းနေသော လျှပ်စစ်မီးကြိုးများကို ပြန်လည်အသစ် လဲလှယ်တတ်ဆင်ရန် ဟောပြော၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်စစ်ဆေးဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မောင်လွင်(စလင်း)