ဒေးဒရဲ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အုန်းပင်ကျေးရွာ (မြောက်)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ ပညာပဒေသာ ကျောင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမာကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ကျောင်းသား၊ ကျောင်းသူများ အသိဥာဏ်ပညာနှင့် စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူငယ်များ ပေါ်ထွန်းလာစေရန် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်းနှင့် လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က ဦးဆောင်ဆွေးနွေးခဲ့ပြီး (Grade-9)ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မောင်ပြည့်စုံဦးက လူငယ်နှင့် အားကစား၊ မောင်သက်ထူးဇော် လူငယ်နှင့် ပညာရေး၊ မသီတာစိုးက လူငယ်နှင့် လူကုန်ကူး၊ မကြယ်စင်လင်းလက်က လူငယ်နှင့် စာရိတ္တ၊ မသက်ဖူးဝေက လူငယ်နှင့် စည်းကမ်းစသည့် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ အပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ရသ စာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အေဇာလင်း