ပွင့်ဖြူ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တောင်သူအကျိုးပြုအသင်းနှင့် မကွေးမြို့၊ မြင့်မြတ်တော်ဝင် သီးနှံရောင်းဝယ်ရေး ကုမ္ပဏီတို့ ပူးပေါင်းပြီး ဒေသခံတောင်သူများ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် ဒေသထွက်ကုန် သီးနှံများ အဆင်ပြေစွာ ရောင်းချသွားနိုင်ရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်သည့် သီးနှံမျိုးစုံ တောင်သူစုပေါင်းရောင်းချပွဲ ပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် လက်ပနွယ်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းက ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အစားအစာ ဘေးကင်းလုံခြုံစေရေး အထူးဂရုပြု စိုက်ပျိုးကြရန်၊ သီးနှံဈေးကွက်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ရန် နည်းလမ်းများ၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ၊ မြို့နယ် တောင်သူအကျိုးပြုအသင်းဥက္ကဋ္ဌ ဦးမြင့်အောင်က သီးနှံမျိုးစုံ တောင်သူစုပေါင်းရောင်းချပွဲ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများကို ရှင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မကွေးမြို့၊ မြင့်မြတ်တော်ဝင် သီးနှံရောင်းဝယ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ ဦးစည်သူထွန်း က ဒေသခံတောင်သူများ သီးနှံထွက်ကုန်များ အဆင်ပြေစွာ ရောင်းချနိုင်ရေး ရာသီအလိုက် သီးနှံမျိုးစုံ တောင်သူ စုပေါင်းရောင်းချပွဲများ ပြုလုပ်၍ သီးနှံဝယ်ယူပေးနေမှု အခြေအနေများ၊ သီးနှံစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ တိုးတက်မြင့်မားရေး ဒေသရှိ တောင်သူအကျိုးပြုအသင်းများနှင့် ပူးပေါင်းပြီး တောင်သူအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက မိမိတို့ ဒေသထွက် ပဲမျိုးစုံသီးနှံ တောင်သူ စုပေါင်းရောင်းချပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးချက်များအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ သီးနှံမျိုးစုံ တောင်သူစုပေါင်းရောင်းချပွဲ ပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းဆွေးနွေးပွဲသို့ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒုတိယဦးစီးမှူး ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများ ၊ မြို့နယ်တောင်သူအကျိုးပြုအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြင့်မြတ်တော်ဝင် သီးနှံရောင်းဝယ်ရေးကုမ္ပဏီမှ ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဒေသခံတောင်သူ ၅၀ ဦးခန့် တက်ရောက်ပါဝင် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )