မိုးညိုမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်

မိုးညို ဖေဖော်ဝါရီ ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများမီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်‌ဇော် ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်အတွင်းရှိ လမ်းများအလိုက် မီးသတ်ယာဥ်ဖြင့် လှည့်လည်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေး သတိပြုလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပညာပေးနှိုးဆော်ခြင်း၊ မီးလောင်မှု/မီးလန့်မှုများ လျော့နည်းပပျောက်စေရေးအတွက် မီးသတိပေး ဆော်ဩခြင်းလုပ်ငန်းများ ​ဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အလေးထားလိုက်နာဆောင်ရွက်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ကိုမင်း(ပြန်/ဆက်)