ပေါက်ခေါင်း ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အတူ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီးမှူးတို့သည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း နွေစပါးပန်းတိုင် အထွက်နှုန်းရရှိရေး နွေစပါးပျိုးထောင်စိုက်ပျိုးနေသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များသည် ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ တောင်သူဦးဝင်းဦး၏ လယ်မြေ (၁၀) ဧကတွင် နွေစပါးစိုက်ပျိုးရန် ပျိုးထောင်ထားရှိမှုအခြေအနေများ၊ ငါးခူအိုင်ကျေးရွာ တောင်သူ ဒေါ်သန်းသန်းဝင်း၊ ဦးရဲထွန်းဇော်၊ ဦးနိုင်ထွန်းဇော်တို့၏ လယ်မြေ (၁၅) ဧကတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးသည့် ရတနာတိုးနှင့် ဗီယက်နန်စပါးမျိုးများကို မျိုးစေ့ချကိရိယာ (Drum Seeder) စနစ်ဖြင့် စနစ်တကျစိုက်ပျိုးထုတ်လုပ်နေသည့် အခြေအနေများ၊ အင်ငါးခွကျေးရွာနေ ကြံစိုက်တောင်သူ ဦးဇော်ကြီး၏ ကြံခင်းသစ် (၅) ဧကစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသည့်အခြေအနေများ၊ ဝက်တိုးကျေးရွာ တောင်သူ ဦးခိုင်ထူး၏ လယ်မြေ (၅) ဧကတွင် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ထွန်ယက်ထားရှိမှုနှင့် တောင်သူဦးဌေးလွင်နှင့် ဒေါ်ကြင်ဉတို့၏ လယ်မြေ (၁၀) ဧကတွင်ရတနာတိုးစပါးမျိုးနှင့် ဗီယက်နန်စပါးမျိုးများကို Drum Seeder ဖြင့်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးပြီး၊ ကျွဲပေါင်ပင်ကျေးရွာ တောင်သူများမှ နွေစပါးစိုက်ပျိုးပြီးစီးသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ယခုနှစ်တွင် နွေစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီရေးအတွက် ကြိုးစားစိုက်ပျိုးကြရန်နှင့် အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်စပါးမျိုးများကို အသုံးပြုစိုက်ပျိုးရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပါရန် လမ်းညွှန်မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)