အထက်မင်းလှ ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၃) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငွေလုံး၊ ငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဌာနဆိုင်ရာ တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများမှ အလေးထား လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်အညီ ကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေး နွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီရေး အလေးထား ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)