မြိတ် ဖေဖော်ဝါရီ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၏ ၂ဝ၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရမည့် စည်းကမ်းများဆိုင်ရာ ဆွေးနွေးပွဲကို အ-ထ-က (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ယနေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအလိုက် ကြီးကြပ်မယ့်သူများနှင့် စာဖြေကြမည့် ကျောင်းသား/သူများ လိုက်နာရမည့် စည်းကမ်းများကို ကြိုတင်သိရှိပြီး လုပ်ငန်းဆောင်ရွက်သည့်အခါတွင် အဆင်ပြေချောမွေ့အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့သည်။
ထိုနောက် မြို့နယ်ပညာရေးမှူးက စာဖြေသူစာရင်း ပြုစုခြင်းကာလတွင် ဆောင်ရွက်ရန်လုပ်ငန်းများ၊ စာစစ်ဌာနများ လျာထားစီစဉ်ခြင်းကို ဆွေးနွေးပြောကြားပြီး အ-ထ-က (တုံးဗျော) ကျောင်းအုပ်ဆရာမကြီး ဒေါ်မေယုမွန်က စာမေးပွဲကြီးကြပ်ခြင်း၊ စာမေးပွဲစစ်ဆေးမည့်ကာလနှင့် ပတ်သက်၍လည်းကောင်း၊ အ-ထ-က (သမုတ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရှင်ယူက တက္ကသိုလ်ဝင်စာမေးပွဲကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လ/ထကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပညာရေးမှူးက စာမေးပွဲကြီးကြပ်ခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အသေးသုံး၊ ကြီးကြပ်ခချီးမြှင့်ငွေ ထုတ်ပေးခြင်း ဆိုင်ရာအချက်များ ဆွေးနွေးပြောကြားသည်။ ဆွေးနွေးပွဲသို့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လ/ထကြီးကြပ်ရေးမှူးအဖြစ် ဆောင်ရွက်ကြမည့် ဆရာ/မ (၂၅၀) ဦး တက်ရောက်ခဲ့ကြသည်။ မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၄) ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)