ကန့်ဘလူမြို့နယ်တွင် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး (၂၃၄၀၀) ဧကလျာထားစိုက်ပျိုးမည်

ကန့်ဘလူ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကင်းတပ်ရေလှောင်တမံ (OMC) မြောင်းများ၊ လင်ပန်းရေလှောင်တမံ၊ မင်းမြင်ရေလှောင်တမံနှင်သိန်ရင်ရေလှောင်တမံတို့မှ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ နွေစပါး (၂၃၄၀၀) ဧကကို အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ရေး ဆည်ရေများအား ဖေဖော်ဝါရီ ၇ ရက်မှစတင်၍ မြောင်းလက်တံများမှတစ်ဆင့် ရေပေးမြောင်းအလိုက် ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့် မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက်သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရန် နှစ်စဥ်ရေလှောင်တမံများမှ စိုက်ပျိုးရေများကို ရေပေးမြောင်းများမှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျဖြန့်ဝေပေးလျက်ရှိသည်။

ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ကင်းတပ်လက်ဝဲတူးမြောင်း (OMC) မှ နွေစပါး (၂၁၅၀၀) ဧက၊ လင်ပန်းရေလှောင်တမံမှ (၄၀၀) ဧက၊ မင်းမြင်ရေလှောင်တမံမှ (၁၀၀၀) ဧက၊ သိန်ရင်ရေ လှောင်တမံမှ (၅၀၀) ဧက စုစုပေါင်း (၂၃၄၀၀) ဧကကို ဆည်ရေများလုံလောက်စွာ ပေးဝေသွားမည်ဖြစ်ကြောင်း ကန့်ဘလူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဉာဏ်ဝင်းက ပြောသည်။

ဒေသခံ တောင်သူလယ်သမားများ နွေစပါးစိုက်ပျိုးရေ အပြည့်အဝရရှိစေရန် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး မြောင်းအလိုက် ရေပေးဝေရေးလုပ်ငန်းများကို စနစ်တကျလိုက်လံစစ်ဆေးခြင်း၊ ဆည်ရေအသုံးချရေးအဖွဲ့များ ဖွဲ့စည်းကာ ရေလိုအပ်သည့်မြောင်းလက်တံများ၌ ရေလှည့်စနစ်များ ပြုလုပ်၍ ရေပေးဝေခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဆည်ရေများကို ဖေဖော်ဝါရီ ၇ ရက်မှစတင်ကာ မြောင်းအလိုက်ပေးဝေ၍ ဒေသခံတောင်သူလယ်သမားများ အနေဖြင့် ဖေဖော်ဝါရီ (၁၁) ရက်တွင် မိမိတို့ လယ်ယာစိုက်ပျိုးမြေများ၌ ဆည်ရေများရယူကာ ထွန်ယက်စိုက်ပျိုး နိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)