ချောက်မြို့၊ မြို့မဈေးတွင်  မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ချောက် ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၊ မြို့မဈေး မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက​ ချောက်မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့ အမှု​ဆောင်အရာရှိ ဦး​သိန်းဌေးက​မြို့မစျေးကြီးတည်ရှိပုံ​​၊ ရေကန်၊​ ရေလိုင်းများ အ​ရေး​ပေါ်အသုံးပြုနိုင်​ရေး ထားရှိမှုအခြေအနေများအား ရှင်းလင်း​ပြောကြား​ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်းက ​စျေးဧရိယာအတွင်း မီး​ဘေးအန္တရာယ် ကြုံ​တွေ့ပါက မီးငြိမ်းသတ်ယာဥ် ဝင်ထွက်သွားလာနိုင်​ရေး၊ မီးသတ်​ရေကန်မှ ရေဖြင့် မီး​ငြိမ်းသတ်နိုင်​ရေး ဆောင်ရွက်ထားရှိမှု အစီအမံများအား ရှင်းလင်း​ပြောကြားခဲ့သည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်ခဲ့​ခြင်းဖြစ်ပြီး အဆိုပါ ဇာတ်တိုက်လေ့ကျင့်​ဆောင်ရွက်​နေမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှု​ရေးအသင်းအဖွဲ့များ တက်ရောက်ကြည့်ရှုအားပေးခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)