စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။  

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအားလုံးအနေဖြင့် ဘက်ဂျက်နှစ်တစ်နှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းများအား သက်မှတ်ကာလအတွင်း ပြီးစီးအောင်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်မှာ ကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း အကောင်အထည် ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများအား စံချိန်စံညွှန်းမီ၊ အရည်အသွေးကောင်းမွန်အောင်နှင့် သက်မှတ်ကာလ အတွင်းပြီးစီးအောင် အမြဲကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာများနှင့် ခရိုင်အုပ်ချုပ်ရေး မှူးများအနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို အားသွန်ခွန်စိုက် ဆောင်ရွက်သည့်အတွက် လုပ်ဆောင်ရမည့်သတ်မှတ်ပမာဏအပေါ် ပြီးစီးမှုများရှိသလို လိုအပ်မှုများလည်း ရှိပါကြောင်း၊ တာဝန်ရှိသူများအားလုံးအနေဖြင့် လုပ်ငန်းများအပေါ် ကြပ်မတ်၊ စစ်ဆေး၊ တွန်းအားပေးဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ရန်ကာလသည် (၂)လသာကျန်ရှိတော့သည့်အတွက် အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် အရည်အသွေးအဆင့်မီစွာ အမြန်ဆုံးပြီးစီးရန် ဌာနဆိုင်ရာများအနေ ဖြင့် ဝိုင်းဝန်းကြိုးပမ်း ကြပ်မတ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံဖြင့် ဆောင်ရွက်နေသည့်လုပ်ငန်း အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ သက်မှတ်ကာလပြီးစီးရေးနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)