(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံး ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ကျင်းပ

အင်းတော် ဖေဖော်ဝါရီ

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင် ပြပွဲများကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကျော်သီဟက ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ အထက်တန်းအဆင့်ပြိုင်ပွဲတွင် “ပြည်ထောင်စုကြီး ခိုင်မြဲဖို့ တိုင်းရင်းသားအားလုံး ဝိုင်းဝန်းစို့” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ပြိုင်ပွဲတွင် “အနာဂတ်ရည်မှန်းပြည်ထောင်စုနေ့ ရှေ့ဆက်လှမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်ပြိုင်ပွဲတွင် “ပြည်ထောင်စုအမွေ ထိန်းသိမ်းပေး” ခေါင်းစဉ် ဖြင့်လည်းကောင်း ကျင်းပခဲ့သည်။ ထို့နောက် အင်းတော်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသ စာအုပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယင်းစာစီစာကုံးပြိုင်ပွဲသို့ အင်းတော်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်)နှင့် (ရေတွင်းကုန်း)တို့မှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၃၀) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကျော်သီဟ