ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင် ပေါင်းတည်မြို့နယ်၌ နွေစပါးစိုက်မည့် စိုက်ပျိုးမြေများအား ကွင်းဆင်းကြည့်ရှု

ပေါင်းတည် ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်သည် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက် ၉ နာရီခွဲက ပေါင်းတည်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့် စိုက်ပျိုးမြေများ၌ ထွန်ယက်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုကြသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးနောက် ကြူတောကန်ကျေးအုပ်စု၊ ကြူတောကန်ကျေးရွာ၊ တောင်သူဦးမြသန်း၏ ၁ဒဿမ၅ဧက စိုက်ပျိုးမြေ၌ ရက် ၉၀ ရတနာတိုးစပါးအား အစေ့ချစနစ်ဖြင့် စိုက်ပျိုးခြင်းတောင်သူပညာပေး သရုပ်ပြရန်နှင့် တောင်သူများသို့ယူရီးယား မြေသြဇာများ ထောက်ပံ့ပေးအပ်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများအား ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများ၊ တောင်သူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)