ငပုတောမြို့နယ်အတွင်းရှိ နွေစပါး၊ နေကြာနှင့် ပိုက်ဆံလျှော် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုနှင့် မြောင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

ငပုတော ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီ‌ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ရာဇာစိုး၊  မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းမျိုးသန့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ်အုန်းပင်စုရွာ တောင်သူဦးမင်းမင်းစိုး၏ လယ်မြေတွင် စိုက်ပျိုးထားသည့် နေကြာစိုက်ခင်း၊ ပိုက်ဆံလျှော်စိုက်ခင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများထံ လိုအပ်သည်များမှာကြားသည်။

ထို့နောက် သက္ကယ်ချောင်းကျေးရွာ တောင်သူဦးလှဝင်း၏ လယ်မြေတွင်နွေစပါး သီးထပ်ရင် စိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှုကာ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျသုံးစွဲနိုင်ရေးမှာကြားပြီး ပုသိမ်-ငပုတောကားလမ်းဘေးတွင် ပိုက်‌ဆံလျှော်သီးနှံပင်များ ရိတ်သိမ်းနေမှုအား ကြည့်ရှုပြီး လိုအပ်သည်များကို  မှာကြားသည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝက်ဆူကျေးရွာ တောင်သူ ဦးရဲတိုး၏ လယ်မြေတွင် နွေစပါးစိုက်ခင်းများအား နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေသွင်းဆောင်ရွက်နေမှုအခြေအနေနှင့် နွေစပါးစိုက်ခင်းများ အောင်ရေရရှိရေးအတွက် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ မြောင်းတူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအားကြည့်ရှုပြီး တာဝန်ရှိသူများထံ အချိန်မှီပြီးစီး‌အောင် ဆောင်ရွက်နိုင်ရေး မှာကြားသည်။

ထို့နောက် လိပ်ချောင်းကျေးရွာအုပ်စု တောင်သူဒေါ်မြင့်မြင့်အေး၏ လယ်မြေ(၁၀)ဧကတွင် စိုက်ပျိုးထားသည့် Super sun 41 နေကြာပင်များ အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေအား ကြည့်ရှုကာ ပန်ပွင့်များ ဝတ်မှုန်ကူးနိုင်စေရေးအတွက် ပျားပုံးများ စနစ်တကျ မွေးမြူထားရှိမှုအား ကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများထံ မှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)