မြောင်းမြမြို့ အ.ထ.က (၂) ကျောင်း‌၌ လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲ ကျင်းပ

မြောင်းမြ ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ အ.ထ.က(၂) ‌ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များဗလငါးတန် ပြည့်စုံစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ နှုတ်မှုစွမ်းရည်ထက်မြက်ပြီး ရဲဝံ့လိမ္မာစွာစကားပြောဆိုနိုင်ရေးတို့အတွက် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး "လူငယ်နှင့် စည်းကမ်းလိုက်နာမှု" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။ ထို့နောက် မြို့နယ်အားကစားမှူး ဦးစိုင်းဝေလင်းနောင်က "လူငယ်နှင့်တာဝန်" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်၍ အ.ထ.က (၂) ရေတွင်းရေကန်ကျောင်း‌မှ ကျောင်းသား၊ ကျောင်းသူများဖြစ်ကြသော မောင်‌နေမျိုးထက်နှင့် မဟေမာန်ငြိမ်းတို့က "လူငယ်နှင့် မျိုးချစ်စိတ်"၊ စောလယ်ဘွဲ့စေးနှင့် နန့်‌အေးအေးစိုးတို့က "လူငယ်နှင့် စာရိတ္တ" ခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးကြပြီး၊ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းကြရာ ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ပြီး အထက်တန်းပြ ဆရာမ ဒေါ်ချိုပိုင်‌အေးက ဖြည့်စွက်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲများအပြီးတွင် တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူတို့အား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူ‌များက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာ(ပြန်/ဆက်)