ရေနံချောင်း ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) တို့ ပူးပေါင်းကာ ကျောင်းသားကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝင်းစန္ဒာက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ရေနံချောင်း) မှ 2GEC ကျောင်းသူ မဆုမွန်မြင့်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ 2GEC ကျောင်းသား မောင်မိုးမင်းကျော်က လူငယ်နှင့် နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ 3GEP ကျောင်းသူ မမေမီမီကိုက လူငယ်နှင့် ကြီးပွားရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ 3GMech ကျောင်းသား မောင်အောင်ကျော်ဆင့် လူငယ်နှင့် စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ 3GMech ကျောင်းသား မောင်ကြည်စန်းဝိန် ပေါင်းသင်းဆက်ဆံရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ 2GEP ကျောင်းသား မောင်ပြည့်စိုးအောင်က လူငယ်နှင့် ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ပါဝင်ဆွေးနွေးကြသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ပါဝင်ဆွေးနွေးကြသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်