မြန်အောင် ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယ အနေကဇာတင်မင်္ဂလာနှင့် ဝေဠုဝန် ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ ၏ (၅၉)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲကို ယနေ့ နံနက်က ကျင်းပပြုလုပ်ရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁)ဒုတိယ ဗိုလ်မှူးကြီး အောင်စိုးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းတို့ တက်ရောက်ဖူးမြော် ကြည်ညိုခဲ့ကြသည်။
ရှေးဦးစွာ နံနက် ၅ နာရီအချိန်တွင် အတုလသယမ္ဘူ ဘုရားကြီးအား သစ်သီးဆွမ်း၊ ပန်း၊ ရေချမ်း ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ (သာသနဓဇ ဓမ္မာစရိယ၊ ဝေဠုဝန်နိကာယ ဝိနိယဝိသာရဒ၊ ဒိဃနိကာယ ကောဝိဒ) အရှင်သူမြတ်နှင့် ဆရာတော် သံဃာတော်များက ဗုဒ္ဓပူဇနိယ အနေကဇာတင် ပူဇော်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်တို့အား အာရုဏ်ဆွမ်းဆက်ကပ်၍ ဧည့်ပရိသတ်များအား ဧည်ခံကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ အရှင်သူမြတ်၏ (၅၉)နှစ်ပြည့် ဝိဇာတမင်္ဂလာ စတုဒိသာအာဟာရအလှူနှင့် နိဗ္ဗာန်စျေးအလှူတွင် ဆရာတော်နှင့် တပည့်ဒါယကာ ဒါယိကာမများက ဧည့်ပရိသတ်များအား နေ့လယ်ထမင်းဟင်းများဖြင့် လှူဒါန်း ကျွေးမွေးခဲ့ကြသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယအနေကဇာတင် မင်္ဂလာနှင့် ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တစာရိန္ဒ အရှင်သူမြတ်၏ (၅၉)နှစ်ပြည့် ဝိဇာတမင်္ဂလာ စတုဒိသာအလှူပွဲ ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဗိုလ် မြန်အောင်