ဟင်္သာတ ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ပြင်ပလူနာများ ဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် လူမှုဖူလုံရေး-မြသဇင်အထူးကု ဆေးခန်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဆေးကုသမှုလုပ်ငန်းများ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက်ရှိ မြသဇင်အထူးကုဆေးခန်း အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတမြို့လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခင်ဖြူက မိမိတို့ဌာနမှ အာမခံအလုပ်သမားအကျိုး ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို မိတ်ဆက်ရှင်းလင်း ပြောကြားပြီးနောက် အထွေထွေရောဂါကုဆရာဝန် ဒေါက်တာဦးခင်မောင်ဝင်းနှင့် သားဖွားမီးယပ် အထူးကုဆရာဝန် ဒေါက်တာရဲဝင်းဟိန်းတို့က ဆေးကုသမှုခံယူနိုင်မည့် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အလုပ်ဌာနများမှ တာဝန်ခံများ တက်ရောက်လာကြသူများအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လူမှုဖူလုံရေး-မြသဇင်အထူးကု ဆေးခန်း (PPS - Capitation Patment) စာချုပ် ချုပ်ဆိုထားသည့် ဆေးခန်းသို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်၍ အာမခံအလုပ်သမားများအား ဆေးကုသမှုခံယူနိုင်ပြီ ဖြစ်ပါကြောင်းနှင့် ဟင်္သာတမြို့နယ်တွင် အကျုံးဝင်ထားသော အလုပ်ဌာနပေါင်း (၂၃၅) ဌာနရှိပြီး အာမခံအလုပ်သမား (၁၈၈၃) ဦး ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)