ဟားခါး ဖေဖော်ဝါရီ ၂
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံ လေ့လာတင်ပြဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ်၊ အဆောင် (၇)၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ဦးစွာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက အဖွင့်အမှာစကား ပြောကြားပြီး ဟားခါးတက္ကသိုလ် သမိုင်းပါမောက္ခ၊ ဒေါက်တာနန်းလှိုင်က ချင်းအမျိုးသားနေ့ဖြစ်ပေါ် လာရေးအတွက် ချင်းအမျိုးသားနိုင်ငံရေးခေါင်းဆောင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများ၊ ချင်းအမျိုး သားများ၏ နယ်ချဲ့ဆန့်ကျင်ရေး ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုများ၊ ၁၉၅၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ကျင်းပသော ချင်းရေးရာကောင်စီအစည်းအဝေးတွင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပုံနှင့် ခေတ်အဆက်ဆက်ပေါ်ထွန်းလာသော မျိုးဆက်သစ် လူငယ်များအတွက် နိုင်ငံချစ်စိတ်၊ ပြည်နယ်ချစ်စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် ချင်းအမျိုးသားရေး စိတ်ဓာတ်ကောင်းများ ရှင်သန်ပေါက်ဖွားလာစေရေးအတွက် နှစ်စဉ်နှစ်တိုင်း ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပနေမှုများကို ရှင်းလင်းတင်ပြဟောပြောခဲ့သည်။
ဟားခါးတက္ကသိုလ် သမိုင်းပါမောက္ခ၏ တင်ပြဟောပြောချက်များအပေါ် တက်ရောက်လာကြသည့် ဟားခါးတက္ကသိုလ် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများက ထပ်မံသိရှိလိုသည့် အချက်များကို မေးမြန်းကြပြီး သမိုင်းပါမောက္ခ၊ ဒေါက်တာနန်းလှိုင်က ပြန်လည်ဖြေကြားကာ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီက သမိုင်းပါမောက္ခ၊ ဒေါက်တာနန်းလှိုင်အား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြင့်ခဲ့သည်။
အဆိုပါ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံ လေ့လာတင်ပြဟောပြောပွဲသို့ ဟားခါးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာနွယ်သင်းနီ၊ သင်ကြား၊ စီမံ၊ အင်ဂျင်နီယာဌာနများမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)