ကျွန်းလှမြို့နယ်၌ ဆောင်းနှမ်း ၁၄၀၃၅ ဧက ရိတ်သိမ်းပြီး ၂၃၀၁၇၄ တင်းထွက်ရှိ

ကျွန်းလှ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆောင်းနှမ်း ၁၄၀၃၅ ဧက ရိတ်သိမ်းပြီး ၂၃၀၁၇၄ တင်းထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံစိုက်ပျိုးရန် ၃၄၈၂၄ ဧက လျာထားပြီး ၃၅၂၄၈ ဧက စိုက်ပျိုးကြောင်း၊ နှမ်း ၁၄၀၃၃ ဧက လျာထားပြီး ၁၄၀၃၅ ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။

“ဒီနှစ် ဆောင်းရာသီမှာ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ မုံညှင့်စေ့ သီးနှံများ စိုက်ပျိုးခဲ့ပါတယ်။ ဆီထွက်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းရန် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိပါတယ်။ သီးထပ်၊ သီးညှပ် စိုက်ပျိုးဖို့ တောင်သူ တွေနဲ့ ဆွေးနွေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

ကျွန်းလှမြို့နယ်အတွင်းရှိ လယ်ယာမြေများမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ ၂၁၈၉၇ ဧက၊ ဆီထွက်သီးနှံ ၃၅၂၄၈ ဧက၊ စားဖိုဆောင် ၈ ဧက၊ အခြားသီးနှံ ၃၅၈၃ ဧက၊ စုစုပေါင်း ၆၀၇၃၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို ကျွန်းလှ