ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများလမ်းညွှန်မှာကြားကာ ကြိုတင်ဆန္ဒမဲပေးနေမှု အားကြည့်ရှုအားပေး

စစ်ကိုင်း အောက်တိုဘာ ၃၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများအား ယနေ့ နံနက်(၉)နာရီခွဲက ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ အနေဖြင့်လည်း ရွေးကောက်ပွဲလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြပေးစေလိုကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လမ်းညွှန်မှာကြားချက် များ၊ ဥပဒေ၊ နည်းဥပဒေများအတိုင်း လုပ်ကိုင်ဆောင်ရွက်ပေးကြရန် ထည့်သွင်းပြောကြား ခဲ့သည်၊ ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မျိုးလွင်၊ စစ်ကိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဦးရဲထွဋ်နှင့် တာဝန်ရှိသူများက ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေနှင့်  ခရိုင်အတွင်းရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ထားရှိမှု တို့အားလည်းကောင်း၊ ဆန္ဒမဲလက်မှတ်များပြန်လည်ပေးပို့ရာတွင် သတ်မှတ်ရက်အတွင်း အချိန်မီရောက်ရှိရန်တို့အား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာ အဆင့်ဆင့်သို့လည်း တင်ပြဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး စစ်ကိုင်းမြို့ မြို့သစ်ရပ်ကွက်၊ ပိုးတန်းရပ်ကွက်နှင့်အုန်းတောတိုက်နယ်ရှိ မဲရုံများတွင် ကြိုတင်ဆန္ဒမဲပေးနေမှုတို့အား ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်  စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ဥက္ကဋ္ဌများ၊ စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မျိုးဝင်း (ပြန်/ဆက်)