ကန့်ဘလူ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်များ ဗလငါးတန်ပြည့်စုံစေရေးနှင့် အသိပညာဗဟုသုတများ တိုးပွားရရှိစေရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၈)နာရီက အဆိုပါရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပသည်။
လူငယ်စကားဝိုင်း ဆွေးနွေးပွဲတွင် မြင့်မိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးကိုယ်စား ဆရာဦးဝဏ္ဏက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်း လင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်နှင့် ဆရာဦးဝဏ္ဏတို့က ဦးဆောင်၍ မြင့်မိုရ်ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဥ်တို့ဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးဖြေကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များကို တက်ရောက်လာသူ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)