စုကလိ ဖေဖော်ဝါရီ ၂
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့တွင် စိုက်ပျိုးထားရှိသော ငရုပ်သီးများ ထွက်ရှိချိန်တွင် အရည်အသွေးပြည့်မီသဖြင့် ဝယ်သူအကြိုက်တွေ့ပြီး ယခုနှစ်တွင် ဈေးကောင်းရရှိကြောင်း သိရသည်။ ရေခံမြေခံ ကောင်းမွန်ပြီး စိုက်ပျိုးရေးကို အခြေခံသောမြို့တစ်မြို့ဖြစ်ပြီး အစေ့ထုတ်ပြောင်း၊ စပါး၊ ဒေသအခေါ်တောင်ယာငရုပ်သီးများ အဓိက အသက်မွေးဝမ်းကြောင်း ပြုလုပ်သော မြို့ဖြစ်သည်၊၊
စုကလိမြို့တွင် ငရုပ်စိုက်ဧက လျာထား ၃၉ ဧကတွင် စိုက်ပျိုးရုပ်သိမ်းဧကအား အောင်မြင်စွာ စိုက်ပျိုးထားရှိပြီး အထွက်နှုန်း တစ်ဧကလျှင် ငရုပ်အစို ၁၈၈ ပိဿာအထိ ထွက်ရှိပြီးဖြစ်သည်။ ငရုပ်ပျိုးပင်များအား (၇) ရက်မှ (၈) ရက်အထိ ပျိုးထောင်ထားရှိပြီး အပင်ပေါက်စုံချိန်ဖြစ်သည့် (၂၅) ရက်သား အချိန်တွင် တစ်ပင် တစ်ကျင်းနှုန်းဖြင့် ပြောင်းရွှေ့စိုက်ပျိူးကြပြီး စိုက်ပျိုးချိန်သက်တမ်းအားဖြင့် (၆) လမှ (၈) ကြားတွင် ပန်းပွင့်ပြီးနောက် အသီးများအား ခူးဆွတ်နိုင်ပြီးဖြစ်သည်။ ခူးဆွတ်ရာတွင်လည်း (၅)ရက်တစ်ကြိမ်ခူးဆွတ်ရမည်ဖြစ်သည်။
ငရုပ်သီးများအား စိုက်ပျိူးနိုင်သော သဲနှုန်းမြေများနှင့် ရေမဝပ်သောနေရာများတွင် စိုက်ပျိူးထားရှိနိုင်သည်။ ပျိူးပင်များအား စိုက်ဘောင်အနေဖြင့် (၆) လက်မ အမြင့်ရှိသော ဘောင်ပေါ်တွင် အကွာအဝေး (၂) ပေအတွင်း စိုက်ပျိူးရမည်ဖြစ်သည်။ ငရုပ်သီးမျိုးအစားများ စွာရှိသည့်အနက် စုကလိမြို့တွင် ဒေသအခေါ်တောင်ယာငရုပ်သီး(အတောင့်ရှည်) အမျိုးအစားများသာ စိုက်ပျိုးထားသည်။
စုကလိမြို့တွင် မဲကုလားအုပ်စုရှိ ဆုံဆည်းမြိုင်ကျေးရွာ၊ တောင်နီကျေးရွာ၊ တာအုပ်အုပ်စုရှိ တာနောထကျေးရွာနှင့် စုကလိမြို့ ဘောဘောထကျေးရွာ စခန်းသစ်ကျေးရွာများတွင် အဓိကထားစိုက်ပျိုးကြပြီး ယခုနှစ်တွင် စုကလိမြို့မှထွက်ရှိသော ငရုပ်သီးများသည် အရည်အသွေး ပြည့်မီသောကြောင့် ထိုင်းနိုင်ငံမှ လာရောက်ဝယ်ယူရာတွင် တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ (၂၂၀) ဘတ်အထိ ဈေးကောင်း ရရှိပြီး ယခင်နှစ်တွင် ရောင်းဈေးမှာ တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ (၁၈၀) ဘတ်အထိသာ ရရှိသဖြင့် ယခုနှစ်အတွက် စိုက်ပျိုးစရိတ်ကျေပြီးအပြင် အမြတ်အစွန်းများစွာ ရရှိကြောင်း စုကလိမြို့နေ တောင်ယာစိုက်ပျိုးသူတစ်ဦးဖြစ်သည့် ဦးစောကျေးထူးထံမှ သိရသည်။
ပိုပိုအောင်