ကျောက်ကြီး ဖေဖော်ဝါရီ ၂
ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ရွှေကျင်လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းစီစဥ်မှု့ဖြင့် မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့သည်။
ဟောပြောပွဲသို့ ကျောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် အ.ထ.က (ခွဲ) ပဲခူးရပ်ကျောင်းတို့မှ ကျောင်းသား/ ကျောင်းသူ (၃၀) ဦး တက်ရောက်ပြီး၊ ရှေးဦးစွာမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းမြတ်ဘုန်းက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ကြက်ခြေနီတပ်ဖွဲ့သည် အခြေခံမူ (၇) ချက်ဖြင့် ရပ်တည်ပုံများ၊ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုသည့် ခေါင်းစဥ်အောက်တွင် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးအန္တရာယ်ကျရောက်မှုကို ကာကွယ်ရန်စသည့် လုပ်ငန်းစဥ်သုံးရပ်ဆောင်ရွက်ကြောင်းများ အသိပညာပေးခြင်းနှင့် လက်ရှိဖြစ်ပွားလျှက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရမည့် အချက်များကို အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကြက်ခြေနီအသင်း (ခွဲ) အဖွဲ့ဝင် ဦးကျော်ဦးလွင်က စစ်လက်နက်ပစ္စည်းများဖြစ်သော မြေမြုပ်မိုင်း၊ လက်လုပ်မိုင်း၊ ကြိုးဆွဲမိုင်းမတို့၏ အန္တရာယ်ကြီးမားပုံများ၊ မိုင်းအန္တရာယ်သတိပေးထားရှိတတ်ပုံများ၊ မိုင်းအားတွေ့ရှိပါက ကြိုတင်ရှောင်ရှားပြီး သက်ဆိုင်ရာအကြီးအကဲများထံသတင်းပို့ရန် ဗီနိုင်းပိုစတာများဖြင့် ပြသရှင်းလင်းပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ်အကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ရုပ်ပုံစာအုပ်များ ဝေငှဖတ်ရှုစေခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)