ဒေးဒရဲမြို့နယ်၊ ဘုရားချောင်းကျေးရွာရှိ ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း ဆောင်ရွက်လျက်ရှိသည့်အခြေအနေအား ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဘုရားချောင်းကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးကြပ်မှုဖြင့် မဲခေါင် - လန်ချန်းစီမံကိန်း အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ပြည်သူအခြေပြု ရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော စီမံကိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများ  ယမန်နေ့ ညနေ(၄)နာရီက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်း ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးသန့်ဇော်လွင်နှင့် ဖျာပုံခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦး​စီးမှူး ဦးဇေယျာဇော်မျိုးတို့က ပြည်သူအခြေပြု ရေသန့်စင်စနစ်စီမံကိန်းအား တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရဲမာန်ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများနှင့် ကျေးရွာရပ်မိရပ်ဖများ တွေ့ဆုံ၍ လုပ်ငန်းများ သတ်မှတ်အရည်အသွေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး ဆောင်ရွက်သွားကြရန်နှင့် ကျေးရွာပြည်သူများကလည်း ပူးပေါင်းဆောင်ရွက်သွားရန်၊ ကျေးရွာကော်မတီဝင်များကလည်း စီမံကိန်းလုပ်ငန်း ရေရှည်တည်တံ့ရေး ပူးပေါင်းဆောင်ရွက်သွားရန်၊ စက်ပစ္စည်းများ စနစ်တကျ ကိုင်တွယ်အသုံးပြုရေးနိုင်ရေး သင်ကြားပေးမည့် အခြေအနေများအား ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ ဆိုလာစနစ်ဖြင့် ရေသန့်စင်စနစ်လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ အိမ်သွယ်ရေတိုင်စနစ် ရေပိုက်လိုင်းများ သွယ်တန်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

၎င်းရေသန့်စင်စနစ်စီမံကိန်းကို  (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ကစတင်၍ ဆောင်ရွက်လျက်ရှိရာ  (၂၀၂၄)ခုနှစ် ဖေဖော်ဝါရီလအတွင်း ရာနှုန်းပြည့်ပြီးစီးမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းပြီးစီးပါက ဘုရားချောင်းကျေးရွာရှိ အိမ်ခြေ (၁၃၁)အိမ်၊ လူဦးရေ (၅၆၂)ဦး သန့်ရှင်းသော သောက်ရေ၊ သုံးရေများ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)