ငဖဲ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၇၀) ဦးအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ငဖဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် မကူးစက်ရောဂါများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား တစ်ဦးလျှင် ဆန်တစ်ပြည်၊ ဆီ ၅၀ ကျပ်သားနှင့် ကုလားပဲ ၂ ဗူးနှုန်းဖြင့် စုစုပေါင်း ဆန်ပြည် ၇၀၊ ဆီ ၃၅ပိသာနှင့် ကုလားပဲ ၁၄၀ ဗူးတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ (ငြိမ်း) ဦးတင်ထွန်းအောင်က အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများကိုယ်စား အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည့်အတွက် အထူးဝမ်းမြောက်ကြောင်း ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအုန်းဝင်းနှင့် ဝန်ထမ်းများက အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးချိုသွေးစစ်ဆေးပေးခြင်းနှင့် မကူးစက်ရောဂါများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်ထွန်းနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ငဖဲမြို့ပေါ်ရပ်ကွက်များမှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၇၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)