ကျောက်ကြီး ဖေဖော်ဝါရီ ၂
ကလေးငယ်များစာဖတ်စွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ကျောင်းသား/ ကျောင်းသူများ စာအုပ်စာပေနှင့်ရင်းနှီးပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်ရုံး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပဲခူးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ရွေ့လျားစာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အဆိုပါကျောင်းအတွင်းရှိ ကျောင်းသား/ ကျောင်းသူများအား ပုံပြင်ပြောခြင်း အစီအစဉ်များပြုလုပ်ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစားနားထောင်ကြည့်ရှုကြပြီးနောက် ရွေ့လျားစာကြည့်တိုက် သုံးဘီးယာဉ်ပေါ်ရှိ စာအုပ်များကို စိတ်ဝင်တစားဖတ်ရှုခဲ့ကြသည်။
အဆိုပါ ကျောင်းရှိကလေးငယ်များအနေဖြင့် ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုလာရောက်ဆောင်ရွက်ပေးသည့်အတွက် စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားလာစေခြင်း၊ ဆရာ/ ဆရာမများက စာအုပ်များကို သင်ထောက်ကူပစ္စည်းအနေဖြင့် ပြန်လည်အသုံးချနိုင်ခြင်း၊ ကလေးငယ်များ၏ စာဖတ်ခြင်းအလေ့အထများ ပိုမိုမြှင့်တင်ပေးနိုင်ခြင်း၊ ပုံပြင်နားထောင်၍ ပြန်ပြောတတ်စေခြင်း၊ စာအုပ်များငှားရမ်းဖတ်ရှုလိုစိတ်များဖြစ်ပေါ်သည့် အလေ့အထကောင်းများ ဖြစ်စေနိုင်ပါကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောကြားခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းကို မြို့နယ်ပညာရေးမှူးရုံးနှင့် ချိတ်ဆက်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ မူလတန်းအဆင့် ကလေးငယ်များအား အဓိကထားဦးစားပေးကာ ရွေ့လျားစာကြည့်တိုက် ဝန်ဆောင်မှုသုံးဘီးယာဉ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)