ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ယခုဘဏ္ဍာရေးနှစ်တွင် ပြည်တွင်းစားသုံးဆီဖူလုံပြည့်စုံရေးနှင့် ဆောင်းသီးနှံ ဆီထွက်သီးနှံ ဖြစ်ထွန်းအောင်မြင်ရေးကို ဂရုတစိုက်အလေးထား စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ယခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ၌ မြေပဲ ၅၁ ဧက၊ နေကြာ ၆၃၃ ဧက၊ စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း မြို့နယ်လယ်ယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရပြီး မျိုးကောင်းမျိုးသန့် ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့များနှင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များကို တောင်သူများသို့ စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဝေပေးခဲ့ပြီး စိုက်ပျိုးထုတ်လုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းရှိ တောင်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် သီးနှံဝင်ငွေတိုးပွားရေးအတွက် သီးနှံများစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်မျိုးစေ့များကို စိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်း မျိုးသန့် မျိုးစေ့ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုနှစ် ဆောင်းရာသီစိုက်ပျိုးရာသီ၌ ဆင်းရွှေကြာ-၂ နေကြာမျိုးစေ့ထုတ်စိုက်ခင်း ၆၃၃ ဧကတို့ကို အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)