ပေါင်းတည် ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ဆောင်ရွက်လျက်ရှိသော ကျောင်းကျန်းမာရေးလုပ်များ ဆန်းစစ်ဆွေးနွေးခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်အမှာစကားပြောကြားရာ ကျေးလက်နေပြည်သူများနှင့် ကျေးလက်စာသင်ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသးများ ကျန်းမာရေးအသိပညာတိုးတက်လာပုံနှင့် စပ်လျဉ်း၍ အကျယ်တဝံ့ပြောကြားကာ ကျန်းမာရေးဌာနအား ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်နော်ဆဲပွယ်ဖောက ကျန်းမာရေးဌာနနှင့် ပညာရေးဌာန ပူးပေါင်းဆောင်ရွက်ခဲ့၍ ဖြစ်ထွန်းလာသော အကျိုးကျေးဇူးများကို ပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်မာလွင်က ကျောင်းနေအရွယ်ကလေးသူငယ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးအေးကျော်က ကျေးလက်ဒေသလူနေမှု ဘဝအခြေအနေများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းက ကျောင်းကြက်ခြေနီအသင်းဖွဲ့စည်းမှုအခြေအနေနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ သန်းသန်းချစ်က ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့မှု အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ကျောင်းကျန်းမာရေးဆိုင်ရာ ဦးစီးအရာရှိ ဒေါက်တာ သူရထွန်းက သွားကျန်းမာရေးဆိုင်ရာများ ဆွေးနွေးတင်ပြပြီး တက်ရောက်လာသူများက ပြန်လည်ဆွေးနွေးတင်ပြကြရာ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန့်ထမ်းများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအသင်းအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)