ပေါက်ခေါင်းမြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကျင်းပ

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမဆောင်၌ ကျင်းပရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းသန်းနှင့် တပ်ဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ် (၁/၂၀၂၄) သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်းသန်းက သင်တန်းနှင့်သက်ဆိုင်သော သုံးသပ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် သင်တန်းဆင်းလက်မှတ်များကို‌ပေးအပ်ရာ သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံယူသည်။

သင်တန်းကာလအတွင်း သင်တန်းနည်းပြဆရာများမှ အခြေခံကြိုးချည်နည်း၊ ရှေးဦးသူနာပြုစုနည်း၊ ဒေသန္တရအသက်ကယ်ပစ္စည်းများအသုံးပြုနည်း၊ မီးခိုးအန္တရာယ်၊ မီးခိုးထဲတွင် အလုပ်လုပ်မည့် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ သဘာဝဘေးလျော့ပါးရေး တွင် တပ်ဖွဲ့ဝင်များဆောင်ရွက်ရမည့်အချက်များ (ရေဘေး/ လေဘေး/ ငလျင်ဘေး)၊ ရေစိုလေ့ကျင့်ခန်း၊ စစ်ရေးပြဆန်းစစ်ချက်၊ မီးသတ်ပညာဆန်းစစ်ချက်နှင့် အသက်ကယ်ပညာဆန်းစစ်ချက် စသည်တို့ကို စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချ‌ ပေးခဲ့ရာ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးအား သင်တန်းကာလရက်သတ္တ (၄) ပတ်ကြာသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)