ညောင်လေးပင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ညောင်လေးပင် ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ ပူပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဌေးဦးဆောင်သော တပ်ဖွဲ့ဝင်များက မီးဘေးအသိပညာပေးနှိုးဆော်ခြင်း၊ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ မီးဘေးအန္တရာယ်စိုးရိမ်ရသော လုပ်ငန်းများအား စစ်ဆေးခြင်းနှင့် သရုပ်ပြခြင်းများဆောင်ရွက်ခဲ့သည်။ထို့ပြင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ ကွင်းဆင်း၍ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဈေးများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ သာသနိကအဆောက်အဦးများ၊ စက်သုံးဆီဆိုင်များ၊ တည်းခိုရိပ်သာများ၊ စက်ရုံအလုပ်ရုံများနှင့် မီးဘေးအန္တရာယ်စိုးရိမ်ရသောနေရာများသို့ မီးဘေးစစ်ဆေးဆောင်ရွက်ခြင်းအား အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)