မိုးညို ဖေဖော်ဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်ပြီး လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.လ.က (ဆင်ကျွန်း) ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာလင်းက ကျောင်းသား/ သူများအား အသိပညာဗဟုသုတများရရှိစေရန်အတွက် စာပေများများဖတ်ရှု့ကြရန်၊ စာဖတ်ခြင်းကြောင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးဟန်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သိကောင်းစရာများကိုလည်းကောင်း ဟောပြောပြီး ကျောင်းသား/ သူများနှင့် မှတ်မိသမျှအကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းမြင့်က ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။
ထို့နောက် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြသထားသည့် နံရံကပ်စာစောင်များအပါအဝင် မူးယစ်ဆေးဝါး၊ ကလေးအလုပ်သမားပပျောက်ရေး၊ သက်ငယ်မဒိမ်းနှင့်ပတ်သက်သော အကြောင်းအရာများအား ပြသထားးရာ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ သူများက ကြည့်ရှုခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)