ပခုက္ကူမြို့၊ စည်ပင်သာယာမြို့မဈေးကြီး၌ မီးဘေးလုံခြုံရေး လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ပခုက္ကူ ဖေဖော်ဝါရီ ၂

ပွင့်လင်းရာသီကာလအတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်နိုင်ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသီးသန့်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ငါးစီး၊ မီးသတ်ရေသယ်ယာဉ် နှစ်စီး၊ မီးသတ်စက်ယာဉ်တစ်စီးတို့ဖြင့် မီးငြှိမ်းသတ်မှုဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများ လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့် ဝန်ထမ်းများ၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ၊ စည်ပင်သာယာရေးကောင်မတီအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများ တက်ရောက်ကြပြီး လက်တွေ့မီးငြှိမ်းသတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)