ပေါက်ခေါင်းမြို့၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အတတ်ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများ ဆွေးနွေးဟောပြော

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းကျောင်းများနှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲခန့်က အ.ထ.က (ပေါက်ခေါင်း) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအေးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး အလယ်တန်းအဆင့်အောင်မြင်ပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအထက်တန်းကျောင်းများနှင့်တွဲဖက်၍ ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဒေါ်နှင်းယုခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ကြည်ကြည်ဆွေ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ကြီးကြပ်ရေးမှူး ဦးစိုးအောင်ဝင်း၊ စက်မှုလယ်ယာဦးစီးဌာန ဒုတိယဦးစီးမှူး ဦးရဲမင်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် Grade-9 အောင်မြင်ပြီးပါက အခြေခံပညာအထက်တန်းကျောင်းများနှင့်တွဲဖက်၍ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးသင်တန်းကျောင်းသို့ တက်ရောက်ပြီး စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာအထူးပြု သင်ယူသူများအတွက် သင်ကြားပေးနေမှုပုံစံများ၊ သင်ယူပြီးမြောက်ပြီးအထူးအောင်၊ အဆင့်မီအောင်မြင်သူတို့အတွက် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၌ ဆက်လက်ပညာသင်ကြားနိုင်မှုများနှင့် ရိုးရိုးအောင်မြင်သူတို့အတွက်ရရှိမည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအတတ်ပညာ အောင်လက်မှတ်နှင့် အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။ အဆိုပါ ပူးပေါင်းအဖွဲ့ဝင်များသည် အခြားအခြေခံပညာအထက်တန်းကျောင်းများတွင်လည်း အလားတူ အသိပညာပေးဟောပြောပွဲများ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)