ဟားခါး ဖေဖော်ဝါရီ ၂
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက် အမှာစကားပြောကြားသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မိမိတို့နိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်သောကြောင့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်းသည် အလွန်အရေးကြီးသည့် လုပ်ငန်းဖြစ်သကဲ့သို့ နိုင်ငံတော်၏ မူဝါဒ လည်းဖြစ်ကြောင်း၊ သို့ဖြစ်၍ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းလျာထားမှုအပေါ် မည်သည့် လုပ်ငန်းများ မည်ကဲ့သို့ဆောင်ရွက်ရမည် စသည့်အစီအမံများနှင့် လုပ်ငန်းတစ်ခုချင်း၏ အကျိုးပြုမှု အခြေအနေများကို တက်ရောက်လာသည့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ယင်းနောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတမ်အောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) လျာထားဆောင်ရွက် ထားရှိမှုအခြေအနေများ ကို လုပ်ငန်းတစ်ခုချင်းစီအလိုက် Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြပြီး တင်ပြချက် များနှင့် ဆက်စပ်၍ အစည်းအဝေးတက်ရောက်လာကြသည့် ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်ဇင်ဦး၊ ပြည်နယ်စီမံကိန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းအောင် နှင့် ပြည်နယ်ကျေးလက်လမ်းဦးစီးဌာန၊ ပြည်နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ဆွေးနွေးတင်ပြကြသည်။
ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး စိုးလွင်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုတို့က အကြံပြုဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)