(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး

ကသာ ဖေဖော်ဝါရီ

ကသာခရိုင်၊ ကသာမြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကသာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီများအနေဖြင့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပမည့် အားကစားပြိုင်ပွဲများကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းတာဝန်များအလိုက် ဆောင်ရွက်ကြမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြရန်နှင့် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ကသာခရိုင်အားကစားနှင့်  ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက အခြေခံပညာကျောင်းပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အခြေခံပညာကျောင်းပေါင်းစုံ ကြက်တောင်ပြိုင်ပွဲနှင့် ရိုးရာခြင်းလုံးပြိုင်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆောင်ရွက်မည့်နေရာ၊ နေ့ရက် ၊ အချိန်နှင့်ပြိုင်ပွဲ ပွဲစဉ်များ အကြောင်းကို အသေးစိတ်ရှင်းလင်း တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများက ဝိုင်းဝန်းကူညီ ပံ့ပိုးဆောင်ရွက်ပေးရမည်များကို အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။        

ထို့နောက် ခရိုင်စီမံအုပ်ချုုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ဆွေးနွေးတင်ပြချက် များနှင့်ပတ်သက်၍ ပြိုင်ပွဲများကျင်းပမည့်နေ့ရက်၊ ဆုချီးမြှင့်ပေးအပ်မည့် အခြေအနေနှင့် ပြိုင်ပွဲကျင်းပနေစဉ် ကာလအတွင်း ကြီးကြပ်၊ ကြပ်မတ် အားပေးဆောင်ရွက်မည့် အခြေအနေများကို ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့ကြောင်းနှင့် အဆိုပါအစည်းအဝေးသို့ ပြိုင်ပွဲကျင်းပရေး နာယကများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                  

 ကျော်စွာထွန်း(ကသာ)