အသက်(၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေး

အင်းတော် ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၇)နာရီအချိန်က အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် မြို့မဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသက်(၅)နှစ်အောက် ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗွီ)၊ ငါးမျိုးစပ်ကာကွယ်ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်) ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းအား (၁-၂-၂၀၂၄) ရက်နေ့နှင့် (၂-၂-၂၀၂၄) ရက်နေ့များတွင် နှစ်ရက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်၍လည်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးအားလည်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

ယခင်က ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံခြင်းကို ကသာမြို့သို့ သွားရောက်ထိုးနှံခဲ့ရပါကြောင်း၊ ယခုလို မိမိတို့မြို့နယ်အတွင်းတွင် အလွယ်တကူ ထိုးနှံရသည့်အတွက် မိမိတို့အနေဖြင့် အင်မတန်မှ အဆင်ပြေသွားပါကြောင်း၊ ယခုလို ဆေးထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများကို ကျေးဇူးအထူးတင်ရှိပါကြောင်း မိဘပြည်သူတစ်ဦးက ပြောပြခဲ့သည်။

အဆိုပါ ဆေးထိုးနှံရာသို့ အင်းတော်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်သီဟ(ပြန်/ဆက်)