နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပ

နတ်မောက် ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားရာ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ ရရှိလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အ.ထ.က(၁)ကျောင်းမှ ကျောင်းသား/သူများ ဖြစ်ကြသည့် Grade-11 ကျောင်းသူ မချမ်းအေးသူက လူငယ်နှင့်စာဖတ်ခြင်း၊ Grade-11  ကျောင်းသား မောင်ကျော်ခန့်ကိုက လူငယ်နှင့်ကြီးပွားရေး၊ အ.ထ.က(၂)ကျောင်းမှ Grade-11 ကျောင်းသူ မချိုချိုမြင့်က လူငယ်နှင့်ကျန်းမာရေး၊ အ.ထ.က(အောင်ဆန်း)ကျောင်းမှ Grade-10  ကျောင်းသား မောင်လူလူမောင်က လူငယ်နှင့်ပညာရေး၊ Grade-11  ကျောင်းသူ မသဲဝတီမိုးက  လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများကလည်း အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။

လှဝင်း