ကျိုက်လတ် ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ(ကလပ်ရပ်)၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အလက(ခွဲ) (ကလပ်ရပ်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီမွန်ဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်း ကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီမြင့်၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်နိုင်တို့နှင့် အတူ Grade-9 မှ မောင်ခန့်ဝေဖြိုးက လူငယ်နှင့် အမှိုက်၊ Grade-9 မှ မယဉ်ပိုပိုနိုင်က လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး၊ Grade-8 မှ မောင်ဘုန်းမြင့်ဇော်က လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် Grade-8 မှ မဖူးပြည့်ပြည့်အောင်က လူငယ်နှင့် ပရဟိတ စိတ်ဓာတ် ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
လှိုင်မင်းအောင်