ပေါင်းတည်မြို့နယ်၌ မြင့်တက်နေသော မတ်ပဲစျေးနှုန်းကြောင့် တောင်သူများအဆင်ပြေ

ပေါင်းတည် ဖေဖော်ဝါရီ ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်ပဲများနုတ်သိမ်းနေကြဆဲဖြစ်ပြီး ​ဒေသစျေးကွက်၌လည်း လတ်တလောတွင် ပဲစျေးကောင်းနေ၍ ပဲခင်းရှင် တောင်သူများသည် အလုပ်သမားများနှင့်အတူ အားတက်သရော မတ်ပဲများနုတ်သိမ်းကာ ခြွေလှေ့နေကြကြောင်း သိရသည်။

ဒီနေ့အထိ ပြည်တွင်းပဲမျိုးစုံဈေးကွက်မှာ မတ်ပဲက စံချိန်တင်စျေးနှုန်းအထိ မြင့်တက်လာသလို ဈေးတွေဆက်တိုက်မြင့်တက်လာနေတယ်လို့ မတ်ပဲစျေးလေ့လာသုံးသပ်သူများနှင့် ဒေသခံပဲမျိုးစုံ ရောင်းဝယ်ရေးလုပ်ကိုင်နေကြသူများကပြောဆိုနေကြပြီး ဒေသပေါက်စျေးမှာလည်းတစ်သိန်းစွန်းစွန်းရှိနေပြီဖြစ်ကြောင်း လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ စိုက်ပျိုးစရိတ်ချေးငွေ​လာရောက်ပေးဆပ်နေသူ တောင်သူတစ်ဦးက ပြောပြသည်။

အိန္ဒိယက စားနပ်ရိက္ခာလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန်အများအပြားဝယ်ယူရန်ရှိနေပြီး အခွန်ကင်းလွတ်ခွင့်နှင့် တင်ပို့ခွင့်ကိုလည်း ၂၀၂၅ ခုနှစ်၊ မတ်လအထိ သက်တမ်းထပ်မံတိုးမြှင့်ပေးထား၍ တင်ပို့သူများအနေဖြင့် ကုန်ကျငွေသက်သာလာသဖြင့် ပဲဝယ်ယူရေးတွင် ငွေကိုပိုမိုသုံးစွဲလာနိုင်ပြီး စျေးကောင်းပေးဝယ်ယူလာကြကာ ယင်းသို့စျေးဆက်တိုက်မြင့်တက်လာနေတာဖြစ်တယ်လို့ လေ့လာသူများထံမှလည်း သိရသည်။

အယ်နီညိုရာသီဥတုရိုက်ခတ်မှုကြောင့် သီးနှံအထွက်နှုန်းကျဆင်းခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ အိန္ဒိယတွင် ယခုနှစ်ပဲအထွက်လျော့ပါးခဲ့၍ မြန်မာနိုင်ငံမှ ပဲအများအပြားဝယ်ယူမည့်အခြေအနေရှိနေကြောင်း၊ ယင်းတို့ဘက်မှလိုအပ်ချက်ရှိလျှင် ဈေးပိုပေးပြီးဝယ်ယူတတ်ကြောင်း၊ လိုအပ်ချက်ပြည့်သွားလျှင် အဝယ်ရပ်လေ့ရှိကြောင်း၊ မတ်လကုန်အချိန်အထိ မတ်ပဲစျေးနှုန်းကောင်းနေဦးမည်ဟု ဝါရင့်ပဲကုန်သည်ကြီးတစ်ဦးက ခန့်မှန်းထားကြောင်းသိရသည်။

ယခုအချိန်ထိ ဒေသခံအဝယ်ဒိုင်များက ပိဿာ ၂၀ တစ်တင်းလျှင် ၁၀၅၀၀၀ ကျပ်ဝန်းကျင်အထိ စျေးသတ်မှတ်ထားကြောင်း၊ လက်ရှိအချိန်၌ ဆောင်းမတ်ပဲအသစ်များ ရိတ်သိမ်းနေကြပြီး ဈေးကွက်ထဲသို့လည်းစတင်ဝင်ရောက်နေပြီဖြစ်ကြောင်း၊ ယခင်နှစ် ဆောင်းမတ်ပဲအသစ်ပေါ်ချိန်က အဖွင့်ဈေးတစ်တင်းလျှင် ၆၀၀၀၀ ကျပ်သာရှိခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)