သာယာဝတီ အောက်တိုဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများ၌ ယနေ့နံနက်ပိုင်းမှစ၍ ကြိုတင် ဆန္ဒမဲ ပေးခွင့်ရှိသူများ လာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
ကြိုတင်မဲပေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်များက လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ကော်မရှင် အဖွဲ့ခွဲများ၊ လေ့လာ စောင့်ကြည့်သူများ ရှေ့မှောက်တွင် ကြိုတင်ဆန္ဒမဲထည့်မည့် မဲပုံးများအား ချိတ်ပိတ်ဆောင်ရွက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်သူများ နှင့် မြို့နယ်အတွင်းရှိ အသက်(၆၀)နှစ် အထက် သက်ကြီးရွယ်အိုများက ယနေ့မှစ၍ ကြိုတင်ဆန္ဒမဲ လာရောက်ပေးအပ်လျက်ရှိပြီး မဲရုံသို့ မလာနိုင်သော သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ရပ်ကွက်(၂၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၄၈) အုပ်စုတို့တွင် မဲရုံပေါင်း (၁၀၇)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ ( ၈၅၀၃၈၃) ဦး၊ လက်ရှိစားရင်းအရ ကြိုတင်ဆန္ဒမဲထည့်မည့် သက်ကြီးရွယ်အို (၃၃၇၇၅) ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
သန့်ဇော်(သာယာဝတီ)