ဒေးဒရဲမြို့နယ်၌ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရေး လူငယ်ရေးရာ ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ဒေးဒရဲ ဖေဖော်ဝါရီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန်နှင့် လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍  လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  မြို့နယ်အခြေခံပညာဦးစီးဌာန၊ လက်ထောက်ပညာရေးမှူး ဦးကျော်ထူး  အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က  ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် စာရိတ္တကောင်းမွန်သည့် လူချွန်လူကောင်းများ ဖြစ်ပေါ်လာစေရန် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ပြီး နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချပြီး ယဥ်ကျေးသိမ်မွေ့၍ ကိုယ်ကျင့်တရားကောင်းမွန်သော လူတော်လူကောင်းများ ဖြစ်ပေါ်လာစေရေး၊ လူငယ်များ  ဗလငါးတန်ပြည့်စုံ၍ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာအုပ်စာပေ လေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာ ဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များ ပေါ်ထွက်လာစေရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များ ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများကိုဆွေးနွေးခဲ့ပြီး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေး နံရံကပ်စာစောင်များကို  ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)